ရာသီတုပ်ကွေးကို အိမ်မှာပဲ သက်သာစေမယ့် နည်းလမ်းများ
ရာသီဥတု အပြောင်းအလဲ၊ အထူးသဖြင့် အေးမြတဲ့ ဆောင်းရာသီမှာ ရာသီတုပ်ကွေးတွေက အတော်လေး အဖြစ်များပါတယ်။ လူကြီးလူငယ် အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာက သာမန်အဆင့်ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ရှိနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ တုပ်ကွေးတွေဟာ များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားလေ့ရှိပါတယ်။
ရာသီတုပ်ကွေးအတွက် အိမ်တွင်းကုထုံးတွေကတော့
(၁) ရေဓါတ်ဖြည့်ပေးပါ
ကိုယ်ခံအားကျနေချိန် နေထိုင်မကောင်းဖြစ်ချိန်နဲ့ အားနည်းနေချိန်မှာ ရေဓါတ်ကို ပိုလိုအပ်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာပြည့်အောင်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
(၂) ဗီတာမင်စီ ပြည့်ဝပါစေ
ဗီတာမင်စီဟာ တုပ်ကွေးလက္ခဏာတွေကို လျော့ပါးသက်သာစေသလို ကိုယ်ခံအားကိုလဲ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပေးတာမျိုး၊ ဗီတာမင်စီ ပြည့်ဝအောင် မှီဝဲပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
(၃) ကြက်ပြုတ်ရည်သောက်ပေးပါ
ပူနွေးတဲ့ စွပ်ပြုတ်ရည်က ချွဲတွေကို ပျော်စေနိုင်သလို ရေဓါတ်ကိုလဲ ဖြည့်ပေးနိုင်တယ်၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး အားလဲပြည့်စေတာကြောင့် ရာသီတုပ်ကွေးဖြစ်နေချိန်မှာ အသင့်တော်ဆုံးပါပဲ။
(၄) ဇင့်ဓါတ်ကိုလဲ ဖြည့်ပေးပါ
ဇင့်ဓာတ်က ခန္ဓာကိုယ်ရဲ့ သွေးဖြူဥတွေကို ကူညီပေးပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဇင့်ဓါတ်ပါဝင်မှုများတဲ့ ပဲအမျိုးမျိုး၊ အသား၊ အစေ့အဆန် ၊ နို့ထွက်ပစ္စည်းနဲ့ ဥအမျိုးမျိုးကို စားပေးတာကလဲ ရာသီတုပ်ကွေး လက္ခဏာတွေကို လျော့ပါးသက်သာစေပါတယ်။
(၅) ဆားရည်ဖြင့် အာလုပ်ကျင်းပါ
ဆားရည်က ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ရောင်ရမ်းမှုတွေကို သက်သာစေတယ် ၊ ချွဲသလိပ်တွေကိုလဖဲ ပျော်စေနိုင်လို့ ရာသီတုပ်ကွေးဖြစ်နေချိန်မဖျာ ဆားရည်နွေးနွေးလေးနဲ့ မကြာခဏ အာလုပ်ကျင်းပေးသင့်ပါတယ်။
ဒီနည်းလမ်း (၅) ခုက ရာသီတုပ်ကွေးအတွက် အိမ်မှာပဲ သက်သာအောင် ကုသနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကို တိုက်ထုတ်ဖို့ အလိုအပ်ဆုံးက ကိုယ်ခံအားကောင်းနေဖို့ ဖြစ်လို့ ပြည့်ပြည့်ဝဝ အနားယူဖို့၊ အစာအာဟာမျှတအောင်စားဖို့က အဓိကကျပါတယ်ဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)